Sunday, January 26, 2014

Google က အင်တာနက် မြန်နှုန်းကို YouTube Video များဖြင့် စမ်းသပ်နိုင်တဲ့ ၀န်ဆောင်မှု ကို စတင်

အင်တာနက်မြန်နှုန်းကို စမ်းသပ်နိုင်တဲ့ Apps တွေများစွာ ရှိပေမယ့် Google ရဲ့ ၀န်ဆောင်မှု အသစ်က ထူးခြားပါတယ်။ Video Quality Report လို့ နာမည်ပေးထားပြီး အင်တာနက် အသုံးပြုသူတွေနဲ့ Internet Service Provider တို့က YouTube Video တွေကို အသုံးပြုပြီး အင်တာနက်မြန်နှုန်း ကို စမ်းသပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီ ၀န်ဆောင်မှု ကို အခုလောလောဆယ်မှာ ကနေဒါ နိုင်ငံမှာပဲ အသုံးပြုနိုင်မှာဖြစ်ပေမယ့် မကြာမီ မှာ တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ အသုံးပြုနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။ YouTube HD Video တွေကို အသုံးပြုမှာဖြစ်ပြီး မြန်နှုန်းသာမက ဗီဒီယိုအရည်အသွေး ကို ပါ တိုင်းတာ စစ်ဆေးပေးနိုင်ပါတယ်။
ကမ္ဘာတစ်ဝန်းလုံးမှာ Google ရဲ့ Server တွေရှိပြီး တည်နေရာ အလိုက် အနီးဆုံး Server ကနေ ဗီဒီယို တွေကို ထုတ်လွှင့်ပေးတာဖြစ်ပါတယ်။ ISP တွေရဲ့ Network ပမာဏ က ဗီဒီယို တွေကို ကောင်းမွန်စွာ ပြသပေးနိုင်တဲ့ အဓိက အချက်ဖြစ်ပါတယ်။ Google က စမ်းသပ် တိုင်းတာမှု သတင်းအချက်အလက်တွေကို ကောက်ယူပြီး ISP တွေကို အဆင့်သတ်မှတ်ပေးမှာဖြစ်ပါတယ်။ 720p Video ရဲ့ ကိုးဆယ် ရာခိုင်နှုန်းကို ပြသပေးနိုင်တဲ့ ISP ဟာ Google ရဲ့ YouTube HD Verified အဆင့်ကို ရရှိမှာဖြစ်ပါတယ်။ အင်တာနက် အသုံးပြုသူတွေကလည်း ကိုယ်တိုင် စမ်းသပ်နိုင်ပြီး ရလဒ်အသေးစိတ်ကို သိနိုင်မှာဖြစ်သလို အချိန်အပိုင်းအခြားအလိုက် စွမ်းဆောင်ရည်တွေကို ဂရပ်ဖ် တွေနဲ့ ပြသပေးမှာဖြစ်ပါတယ်။
အဲဒီ သတင်းအချက်အလက်တွေဟာ ISP Company နဲ့ အသုံးပြုသူတွေကို အကျိုးရှိစေမှာဖြစ်ပါတယ်။ ISP တွေက သူတို့ရဲ့ စွမ်းဆောင်ရည် ကို သိရှိပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်သလို အသုံးပြုသူတွေကလည်း စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ISP တွေကိုသိရှိ ရွေးချယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

0 comments: